ပြည်တွင်း
ကရင် BGF ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်အား နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုများဖြင့် ထိုင်းတရားရုံး ဖမ်းဝရမ်းထုတ်

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်နယ် (၄) တပ်မှူး ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်အား နိုင်ငံဖြတ်ကျော် လူကုန်ကူးမှုများတွင် ပါဝင်ပတ်သက်သည်ဟူသော စွဲချက်ဖြင့် ထိုင်းနိုင်ငံ ရာဇဝတ်တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်လိုက်သည်။
ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) ၏ လျှောက်ထားချက်အရ အဆိုပါ ဖမ်းဝရမ်းကို ဇူလိုင်လ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်တွင် ထွက်ပေါ်လာသည့် တရားရုံးအမိန့်စာများအရ သိရသည်။
DSI ၏ ပြစ်မှုဆိုင်ရာ မှတ်တမ်းများတွင် ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်သည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်း ဖွဲ့စည်းကာ လူကုန်ကူးမှု ကျူးလွန်ရန် ပူးပေါင်းကြံစည်ခြင်း၊ မြဝတီဒေသသို့ တရားမဝင် လူကုန်ကူးခံရသူများကို ခေါ်ဆောင် လက်ခံထားရှိခြင်းနှင့် အွန်လိုင်းငွေလိမ် လုပ်ငန်းများ၌ အဓမ္မခိုင်းစေခြင်း စသည့် ပြစ်မှုများကို ကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားသည်။
အဆိုပါ BGF ခေါင်းဆောင်သည် မြန်မာနိုင်ငံ မြဝတီမြို့နယ်အပါအဝင် ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ တာ့ခ်ခရိုင်နှင့် စမုတ်ပရာကန်တို့အပြင် အိန္ဒိယနိုင်ငံ ကိုလ်းကတ္တားနှင့် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့များအထိ ဆက်နွှယ်နေသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၌လည်း ပါဝင်ပတ်သက်နေကြောင်း DSI က ဆိုသည်။
လက်ရှိတွင် ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်ကို ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု ကာကွယ်တားဆီးရေးနှင့် နှိမ်နင်းရေးဥပဒေ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများ ကာကွယ်တားဆီးရေးဥပဒေနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေများအရ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူအဖြစ် သတ်မှတ်ထားသည်။
ယခုကဲ့သို့ ဖမ်းဝရမ်းထုတ်ပြန်ခြင်းသည် နိုင်ငံဖြတ်ကျော် အွန်လိုင်းလိမ်လည်မှု ရာဇဝတ်ဂိုဏ်းများနှင့် အဓိက ကြိုးကိုင်သူများကို အမြစ်ပြတ်နှိမ်နင်းရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် အမေရိကန် FBI တို့အကြား ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီထားမှု၏ နောက်ဆက်တွဲ အရေးယူဆောင်ရွက်မှု ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း မြဝတီမြို့နယ်အတွင်းရှိ လူကုန်ကူးမှုနှင့် အွန်လိုင်းငွေလိမ် လုပ်ငန်းများတွင် ပါဝင်မှုဖြင့် BGF ခေါင်းဆောင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်နှင့် ဗိုလ်မှူး စောတင်ဝင်း တို့ ၃ ဦးကို ဖမ်းဆီးရန် ထိုင်းအစိုးရက စီစဉ်ဆောင်ရွက်ခဲ့ဖူးသည်။
မှတ်ချက်များ
မှတ်ချက် မရှိသေးပါ။
မှတ်ချက်ပေးရန် အကောင့်ဝင်ရောက်ရမည့် စနစ်ကို မကြာမီ ထည့်သွင်းပေးသွားပါမည်။