ပြည်တွင်း
မရမ်းကုန်းမြို့နယ်တွင် ကျပ်သိန်း ၃,၈၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ အမျိုးသား ၇ ဦး ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်း မော်တော်ယာဉ်နှစ်စီးကို တားဆီးစစ်ဆေးရာမှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃,၈၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၉၀,၀၀၀ ပြားနှင့်အတူ ပါဝင်ပတ်သက်သူ အမျိုးသား ၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအချက်အလက်အရ ဇူလိုင် ၂၅ ရက် နေ့လည် ၁၁ နာရီခန့်က မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်တွင် ကျော်မြင့်သန်း မောင်းနှင်ပြီး အောင်ဝင်း၊ သိန်းရွှေ၊ ဘကျော် တို့ လိုက်ပါလာသည့် TOYOTA IPSUM မော်တော်ယာဉ်နှင့် ဇော်အောင် မောင်းနှင်ပြီး သက်ဇင် (ခ) အောင်အောင်၊ မောင်အေးလှိုင် တို့ လိုက်ပါလာသည့် TOYOTA CALDINA မော်တော်ယာဉ်တို့ကို ရပ်တန့်ရှာဖွေခဲ့ခြင်းဖြစ်သည်။
ထိုသို့ စစ်ဆေးရှာဖွေရာတွင် TOYOTA IPSUM အမျိုးအစား ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၁၉၀,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း ၉ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် မူးယစ်ဆေးဝါးများ သိုဝှက်သယ်ဆောင်လာသည့် ကျော်မြင့်သန်း (၃၅ နှစ်)၊ အောင်ဝင်း (၂၇ နှစ်)၊ သိန်းရွှေ (၆၂ နှစ်)၊ ဘကျော် (၄၇ နှစ်)၊ ဇော်အောင် (၄၉ နှစ်)၊ သက်ဇင် (ခ) အောင်အောင် (၅၀ နှစ်) နှင့် မောင်အေးလှိုင် (၅၅ နှစ်) တို့ကို ဘုရင့်နောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူထားပြီး ပြစ်မှုကျူးလွန်သူများ၏ ကွင်းဆက်များကို မူးယစ်တပ်ဖွဲ့က ဆက်လက်ဖော်ထုတ်လျက်ရှိသည်။
ထို့အပြင် ဇူလိုင် ၂၆ ရက် နေ့လည် ၁ နာရီအချိန်ခန့်ကလည်း မရမ်းကုန်းမြို့နယ် အပါအဝင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) နှင့် သန်လျင်မြို့နယ်တို့တွင် ကာလတန်ဖိုး ငွေကျပ်သိန်း ၂,၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မှတ်ချက်များ
မှတ်ချက် မရှိသေးပါ။
မှတ်ချက်ပေးရန် အကောင့်ဝင်ရောက်ရမည့် စနစ်ကို မကြာမီ ထည့်သွင်းပေးသွားပါမည်။