ပြည်တွင်း
ရန်ကုန်တိုင်းအတွင်း စံချိန်စံညွှန်းမမီသည့် ပုဂ္ဂလိကကျောင်းများကို ၁ နှစ်အတွင်း ပြင်ဆင်ခိုင်းပြီး လိုက်နာခြင်းမရှိပါက ပိတ်သိမ်းသည်အထိ အရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံလိုအပ်ချက်များကို အဖြစ်သဘော ပြုလုပ်ထားသည့် ပုဂ္ဂလိက စာသင်ကျောင်းများကို စံချိန်စံညွှန်းမီစေရန် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုဂ္ဂလိက စာသင်ကျောင်းနယ်ပယ် သတင်းရင်းမြစ်ထံမှ သိရသည်။
လက်ရှိတွင် ပုဂ္ဂလိကကျောင်းအချို့သည် လူနေအိမ်များ၌ ငှားရမ်းဖွင့်လှစ်ထားခြင်း၊ လှေကားအောက် အခန်းငယ်များကို စာကြည့်တိုက် ပြုလုပ်ထားခြင်းနှင့် မီးဖိုချောင်များကို ဓာတ်ခွဲခန်းအဖြစ် ဖြစ်ကတတ်ဆန်း ဖန်တီးထားခြင်းများ ရှိနေသည်။ ထိုသို့ စံချိန်စံညွှန်းမမီသည့် ကျောင်းများကို သတ်မှတ်ထားသည့် အခြေခံလိုအပ်ချက်များနှင့် ကိုက်ညီစေရန် ပြင်ဆင်နိုင်ရေးအတွက် ၁ နှစ် အချိန်ပေးထားပြီး ယင်းကာလအတွင်း ပြင်ဆင်နိုင်ခြင်းမရှိပါက ပိတ်သိမ်းသည်အထိ အရေးယူခံရနိုင်ကြောင်း သိရသည်။
"တချို့ကျောင်းတွေက အိမ်တွေမှာ ငှားပြီးတော့ ဖွင့်ကြတာ။ အခန်းလေးတွေက ကျဉ်းတယ်။ စာသင်ခန်းဆိုတာ သူက အတိုင်းအတာ ပေးထားတာရှိတယ်။ စာကြည့်တိုက်နဲ့ ဓာတ်ခွဲခန်းလည်း ရှိရမယ်။ အဲဒီလိုသတ်မှတ်ထားတော့ သူတို့တွေက ဖြစ်ကတတ်ဆန်း လုပ်ထားတာတွေ တွေ့ရတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ညီဖို့ ၁ နှစ် အချိန်ပေးထားတာဖြစ်လို့ မလုပ်နိုင်ရင်တော့ ပိတ်သိမ်းရမယ်နဲ့ တူပါတယ်" ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ပုဂ္ဂလိက စာသင်ကျောင်းများတွင် သင်ကြားမည့် ဆရာ၊ ဆရာမများ၏ အရည်အသွေးကိုလည်း သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော်မှ ၉ လကြာ သင်တန်းများ ပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါ သင်တန်းမှတစ်ဆင့် သင်ကြားခွင့်လက်မှတ် (Green Card) ရရှိမှသာ စာသင်ကြားခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ စံချိန်စံညွှန်းမီ စာသင်ခန်းများနှင့် သင်ကြားခွင့် လက်မှတ်များ သတ်မှတ်ကြပ်မတ်ခြင်းသည် ကျောင်းများကို နှိပ်ကွပ်သည့် သဘောမဟုတ်ဘဲ စည်းကမ်းတကျရှိစေရန်နှင့် အရည်အသွေးမီ ပညာရေးဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
မှတ်ချက်များ
မှတ်ချက် မရှိသေးပါ။
မှတ်ချက်ပေးရန် အကောင့်ဝင်ရောက်ရမည့် စနစ်ကို မကြာမီ ထည့်သွင်းပေးသွားပါမည်။