ပြည်တွင်း
သဗ္ဗညုဘုရား၌ မဟာရံတံတိုင်းနှင့် မုခ်ပေါက်များ တူးဖော်သုတေသနပြု စစ်ဆေးနေပြီး အရိုးပါသံကွင်း ၁၁ ခုတွေ့ရှိ

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ သဗ္ဗညုဘုရားကြီးတွင် မဟာရံတံတိုင်းနှင့် တံတိုင်းဝင်ပေါက်မုခ်များ ရှိ၊ မရှိကို တရုတ်သုတေသနပညာရှင်များနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တို့ ပူးပေါင်းကာ တူးဖော်သုတေသနပြုလျက်ရှိကြောင်း သိရသည်။
အဆိုပါ သုတေသနလုပ်ငန်းများကို ဇူလိုင်လ ၃ ရက်မှစတင်၍ သဗ္ဗညုဘုရား၏ အနောက်တောင်ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်တို့တွင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဘုရား၏ စတုတ္ထပစ္စယာရှိ အနောက်မြောက်ထောင့် အရံစေတီတွင် စိန်တန်းပြုပြင်စဉ် အရိုးပါသံကွင်း စုစုပေါင်း ၁၁ ခုကိုပါ တွေ့ရှိခဲ့ကြသည်။
"တူးဖော်သုတေသနလုပ်ငန်းလည်း အဲဒီ တရုတ်သုတေသနပညာရှင်အဖွဲ့နဲ့ ပုဂံဌာနခွဲ သုတေသနဌာနစုက ဆောင်ရွက်နေပါတယ်။ ဆောင်ရွက်နေတဲ့အခါမှာ ဘာကိုတူးဖော်လဲဆို သဗ္ဗညုဘုရားမှာ မဟာရံတံတိုင်း ရှိ မရှိရယ်၊ မဟာရံတံတိုင်းမှာ ဝင်ပေါက်တွေ၊ မုခ်ပေါက်တွေ ရှိ မရှိဆိုတာကို အခုလက်ရှိ သုတေသနလုပ်ငန်းတွေလုပ်နေပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
တွေ့ရှိရသည့် သံကွင်းများနှင့်ပတ်သက်၍ ၎င်းက "အဲဒါကတော့ အဆောက်အအုံပိုင်း ကြံ့ခိုင်ဖို့အတွက် သံကွင်းတွေနဲ့ချုပ်ထားတာပေါ့။ ဘုရားကို မပျက်စီး၊ မပြိုအောင် ငလျင်ဒဏ်တွေခံနိုင်အောင် ချုပ်ထားတဲ့ချုပ်တန်းပုံစံမျိုးနဲ့ အသုံးပြုဖို့များပါတယ်။ အဲဒီ စတုတ္ထပစ္စယာမှာပဲ သံကွင်း (၁၁)ကွင်းလုံးကို တွေ့တာပါ" ဟု ရှင်းပြသည်။
အဆိုပါ အရိုးပါသံကွင်း ၁၁ ခုအား စိစစ်အတည်ပြုပေးနိုင်ရန် နေပြည်တော်ရှိ ရှေးဟောင်းဝတ္ထုပစ္စည်း စစ်မှန်ခြင်း ရှိ/မရှိ စစ်ဆေးရေးအဖွဲ့နှင့် ရှေးဟောင်းသုတေသန ပညာရှင်အဖွဲ့ထံ တင်ပြထားပြီး ဇူလိုင်လ ၂၂ ရက်အထိ အတည်ပြုချက်အဖြေ မထွက်ရှိသေးကြောင်း သိရသည်။ ပုဂံခေတ်တွင် အရိုးပါသံကွင်းများကို အဆောက်အအုံ ကြံ့ခိုင်စေရန် ဆွဲအားအဖြစ်လည်းကောင်း၊ အာနန္ဒာ၊ ဓမ္မရံကြီးနှင့် မြင်းကပါ ဂူပြောက်ကြီးဘုရားတို့ကဲ့သို့ အတွင်းပိုင်းတန်ဆာဆင်ရန်အတွက်လည်းကောင်း အသုံးပြုခဲ့ကြသည်။
၂၀၁၆ ခုနှစ် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သဗ္ဗညုဘုရား ပြန်လည်ပြုပြင်ထိန်းသိမ်းရေးအတွက် မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား ၂၀၁၇ ခုနှစ်တွင် ဆွေးနွေးမှုသဘောတူညီချက် (MOM) နှင့် ၂၀၂၂ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ (MOU) တို့ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ယင်းသဘောတူညီချက်များအရ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလနှင့် မေလတို့တွင် ဘုရား၏ မြောက်ဘက်နှင့် အနောက်ဘက်တို့၌ စမ်းသပ်ကျင်းများ စတင်တူးဖော်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတို့တွင် သုံးကြိမ်တိုင်တိုင် ထပ်မံတူးဖော်ခဲ့ရာ အဆောက်အအုံနံရံဟု ယူဆရသော အုတ်လွှာနှင့် အုတ်တန်းများကို တွေ့ရှိခဲ့ဖူးကြောင်း သိရသည်။
မှတ်ချက်များ
မှတ်ချက် မရှိသေးပါ။
မှတ်ချက်ပေးရန် အကောင့်ဝင်ရောက်ရမည့် စနစ်ကို မကြာမီ ထည့်သွင်းပေးသွားပါမည်။