၂၀၂၆ ဇူလိုင် ၂၉ ဗုဒ္ဓဟူး
ပြည်တွင်း

စာကြည့်တိုက်ပညာရှင်နှင့် စာပေပညာရှင် ဆရာကြီးစည်သူဦးသော်ကောင်း အသက် (၈၉) နှစ်တွင် ကွယ်လွန်

မြန်မာနိုင်ငံ၏ ထင်ရှားသော စာကြည့်တိုက်ပညာရှင်နှင့် အမျိုးသားစာပေတစ်သက်တာဆုရှင် ဆရာကြီး ဒေါက်တာဦးသော်ကောင်းသည် ဇူလိုင်လ ၂၉ ရက် နံနက် ၅ နာရီ ၂၇ မိနစ်တွင် ကွယ်လွန်သွားခဲ့ကြောင်း မြန်မာစာကြည့်တိုက်အသင်း (Myanmar Library Association – MLA) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ကွယ်လွန်ချိန်တွင် အသက် (၈၉) နှစ်ရှိပြီဖြစ်သည့် ဆရာကြီးဦးသော်ကောင်းကို ၁၉၃၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် အဘ စည်သူဦးကောင်း၊ အမိ ဒေါ်သိန်းတို့က ရန်ကုန်မြို့၌ မွေးဖွားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံ စာကြည့်တိုက်နှင့် စာပေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် အကျိုးပြုဆောင်ရွက်ခဲ့ပြီး စာပေလောကနှင့် စာဖတ်သူများအတွက် အဖိုးတန်သော အမွေအနှစ်များကို ချန်ရစ်ပေးခဲ့သူ ဖြစ်သည်။ စာပေနယ်ပယ်တွင် ထင်းရှားသည့် ဆရာကြီးသည် အသက် ၇၁ နှစ်အရွယ် ၂၀၀၈ ခုနှစ်၌ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆု၊ အသက် ၇၃ နှစ်တွင် ၂၀၁၀ ပြည့်နှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုတို့ကို ချီးမြှင့်ခံခဲ့ရသည်။ ထို့ပြင် ၂၀၁၅ ခုနှစ်တွင် သုတစွယ်စုံစာပေတစ်သက်တာဆု၊ ၂၀၁၆ ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေဆုနှင့် ဆရာဝန်တင်ရွှေ စာပေတစ်သက်တာဆုတို့ကိုလည်း ရရှိခဲ့သည်။ စည်သူဘွဲ့ရ စာပေပညာရှင် ဆရာကြီး ဦးသော်ကောင်း၏ စာပေနှင့် ပညာရေးဆိုင်ရာ စွမ်းဆောင်မှုများကြောင့် ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်အစိုးရက ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ဒုတိယအဆင့်) နှင့် စည်သူဘွဲ့တို့ကို ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

မှတ်ချက်များ

မှတ်ချက် မရှိသေးပါ။

မှတ်ချက်ပေးရန် အကောင့်ဝင်ရောက်ရမည့် စနစ်ကို မကြာမီ ထည့်သွင်းပေးသွားပါမည်။