ပြည်တွင်း
DEMU နှင့် ဘတ္ထရီစနစ်သုံး ရထားတွဲများကို ပြည်တွင်း၌ ကိုယ်ပိုင်ဒီဇိုင်းဖြင့် တပ်ဆင်ထုတ်လုပ်ရန် သမ္မတ လမ်းညွှန်

DEMU ရထားတွဲများနှင့် ဘတ္ထရီစနစ်သုံး ရထားခေါင်းတွဲများကို ပြည်တွင်း၌ ကိုယ်ပိုင်ဒီဇိုင်းဖြင့် တပ်ဆင်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင်လ ၂၈ ရက်တွင် မလွှကုန်းရှိ ဒီဇယ်စက်ခေါင်းရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားခဲ့သည်။
ရထားပို့ဆောင်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချို့သော လမ်းကြောင်းများတွင် ဘတ္ထရီစနစ်သုံး ရထားခေါင်းတွဲများကို ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင် အသုံးပြုနိုင်ရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောဆိုသည်။ ထို့အပြင် အနာဂတ်ကာလ၌ လျှပ်စစ်ဓာတ်အားသုံး ရထားတွဲများ ပြေးဆွဲနိုင်ရေးအတွက် ကြိုတင်လျာထား ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ပြည်တွင်း၌ ရထားတွဲတည်ဆောက်မှု နည်းပညာများ ပိုမိုတိုးတက်လာစေရန်အတွက် ပြည်ပမှ ရထားတွဲတည်ဆောက်မှု နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး DEMU ရထားတွဲများကို ကိုယ်ပိုင်ဒီဇိုင်းဖြင့် တိုးချဲ့တပ်ဆင်ထုတ်လုပ်သွားရန်လည်း သမ္မတက တိုက်တွန်းခဲ့သည်။
အခြေခံအဆောက်အအုံ ပိုင်းနှင့်ပတ်သက်၍ အသွားအလာများပြားသည့် ရထားလမ်းကူးနေရာများတွင် ရထားလမ်းကုန်းကျော်တံတားများ မဖြစ်မနေ တည်ဆောက်သွားရန်နှင့် ရန်ကုန်မြို့တွင် မြေအောက်ရထားလမ်း ထည့်သွင်းတည်ဆောက်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လမ်းညွှန်ခဲ့သည်။
ထို့ပြင် ရထားလမ်းများ ဖောက်လုပ်ခြင်းနှင့် ရထားတွဲများ တည်ဆောက်ရာတွင် နောင်ဖြစ်လာမည့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို ကြိုတင်စဉ်းစား လျာထားတွက်ချက်ရန် လိုအပ်သကဲ့သို့ မီးရထားလမ်းကူးတံတားများ ကောင်းမွန်စေရေးအတွက်လည်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန် လိုကြောင်း မှာကြားခဲ့သည်။
မှတ်ချက်များ
မှတ်ချက် မရှိသေးပါ။
မှတ်ချက်ပေးရန် အကောင့်ဝင်ရောက်ရမည့် စနစ်ကို မကြာမီ ထည့်သွင်းပေးသွားပါမည်။